Select a date and time slot to book an Appointment
Date Of Appointment
ကမ္ဘာကျော်ပြီး မြန်မာ မကျော်သေးသည့် ပအိုဝ်းရွာကလေးများဆီသို့ . . .
ငယ်ငယ်တုန်းက ခဲတံနဲ့စာရွက်လက်ထဲရှိရင် စိတ်ထဲရှိရာ ရုပ်ပုံလေးတွေ ခြစ်ခဲ့ဖူးမှာပေါ့။ တောင်တန်းကလေးနဲ့၊ သစ်ပင်ကလေးတွေနဲ့၊ သစ်သားအိမ်ကလေးနဲ့ နေမင်းကြီးက ဟိုးအရှေ့ကနေ ဖြာလို့။ ကလေးဘ၀ အိပ်မက်ထဲက ပန်းချီကားလေးအသက်၀င်လာသလို သာယာလှပလွန်းတဲ့ ရှုခင်းတွေ၊ စိမ်းလန်းတဲ့တောတောင်တွေနဲ့၊ ကြည့်လေရာ ရှုမဆုံးတဲ့ တောင်ယာတွေ၊လယ်ကွင်းတွေ ခြံရံထားတဲ့ ဒေသလေးကို ရောက်သွားချိန်မှာ ဒါဟာ နိဗ္ဗာန်ဘုံများလားလို့တောင် ထင်မှတ်စေခဲ့တဲ့ ကမ္ဘာကျော် ပအိုဝ်းရွာလေးတွေအကြောင်းကို Mandalarian နဲ့အတူ အလည်သွားကြည့်ရအောင်။
ပြီးခဲ့တဲ့လက ရှမ်းပြည်နယ်တောင်ပိုင်း ခရီးသွားလာရေး မြှင့်တင်ဖို့ မြန်မာနိုင်ငံက Travel blogger တွေကို ဆက်သွယ်ဖိတ်ကြားလာတဲ့အခါ Mandalarian လည်း ပါ၀င်ခဲ့ပါတယ်။Travel blogger မောင်နှမတွေကို ရှမ်းပြည်တောင်ပိုင်း ခရီးစဉ်တွေထဲက ကိုယ်ကြိုက်ရာ ခရီးစဉ်ရွေးချယ်ခိုင်းခဲ့တဲ့အခါ ယဉ်နှောင်းရွေးချယ်လိုက်တာကတော့ ပအိုဝ်းဒေသပါ။
ပအိုဝ်း
?လူသိပ်မသိသေးတဲ့ဒေသလည်းဖြစ်တယ်။
?သဘာ၀အလှအပ တောင်တောင်တွေလည်း အများကြီးရှိတယ်။
?၂၀၁၇ခုနှစ်မှာ တစ်ကမ္ဘာလုံးက CBT ရွာတွေကို ကျော်ဖြတ်ပြီးဆုရခဲ့တဲ့ ပအိုဝ်းရွာလေး ၃ရွာလည်း ရှိတယ်။
? luxury trip မျိုးမဟုတ်ဘဲ ကိုယ်သဘောကျတဲ့ hiking,trekking တွေလည်း ပါမယ် ဆိုတော့ ပအိုဝ်းဒေသကိုပဲ သွားပါမယ်ဆိုပြီး ရွေးချယ်ခဲ့ပါတယ်။
Fb ပေါ်က တောင်ကြီးစက်ဘီးစီးအဖွဲ့တွေ သွားလာနေတဲ့ ရှုခင်းတွေမြင်ပြီး ပအိုဝ်းဒေသရဲ့ အလှအပတွေကို သိပ်သွားချင်ခဲ့တာပါ။
တကယ်တမ်းသွားခဲ့တဲ့အခါ အရမ်းပင်ပန်းပေမယ့် ပအိုဝ်းဒေသရဲ့ လူမသိသေးတဲ့ ရွာတွေ၊ အလှတရားတွေကို တွေ့မြင်ခွင့်ရခဲ့တာမို့ ကျေနပ်ခဲ့ရတဲ့ ခရီးစဉ်တစ်ခုပါ။
၅ညအိပ်၊၆ရက် trekking ခရီးမှာ တောင်တွေတက်တယ်၊ တောတွေတိုးပြီးသွားရတယ်၊ ဒေသခံအိမ်တွေမှာ ညအိပ်ပြီး ဒေသခံတွေ ချက်ပြုတ်ပေးတဲ့ ပအိုဝ်းရိုးရာဟင်းလျာတွေကိုစားတယ်။ သူတို့ပြောတဲ့ သမိုင်းကြောင်းတွေကို နားထောင်တယ်။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ ဘယ် Hotel ဘယ် Restaurant မှ မပါတာမို့ မြင်တွေ့နေကျ Travel Review တွေနဲ့တော့ ကွဲပြားနေပါလိမ့်မယ်။ ဒီခရီးစဉ်အတွင်းမှာ ယဉ်နှောင်းရောက်ခဲ့တဲ့ ပအိုဝ်းရွာကလေးတွေနဲ့ ဒေသအလှအပလေးတွေကိုပဲ highlight လုပ်ပြီး ပြောပြချင်ပါတယ်။
?ကမ္ဘာကျော် ပအိုဝ်းCBT ရွာကလေး(လွယ်ခေါ်-အင်းနီ-ထီနဲ့)
CBT ဆိုတာ Community based tourism လုပ်ငန်းပါ။ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းလို့ခေါ်ပြီး ဒေသခံတွေနဲ့ ဒေသကောင်းကျိုးကို တိုက်ရိုက်အကျိုးပြုတဲ့ ခရီးသွားလုပ်ငန်းတစ်မျိုးလည်းဖြစ်ပါတယ်။
အင်းလေးကန်ရဲ့ အရှေ့ဘက်က တောင်တန်းတွေပေါ်မှာရှိတဲ့ ဒီ CBTရွာလေး ၃ ရွာဟာ ၂၀၁၇ ခုနှစ်မှာ Community based tourism award (ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းဆု)ကို တစ်ကမ္ဘာလုံးက CBT ရွာတွေ အားလုံးကို ကျော်ဖြတ်ပြီး ဆုရခဲ့တဲ့ ပအိုဝ်းရွာလေး ၃ရွာပါ။
ပထမဆုံးနိုင်ငံတကာဆုအနေနဲ့
အာစီယံအထွေထွေအတွင်းရေးမှူးကချီးမြှင့်တဲ့ asean CBT award ရခဲ့ပြီး To DO! အဖွဲ့အစည်းက ချီးမြှင့်တဲ့ တာဝန်သိခရီးသွားလုပ်ငန်းဆု ( socially responsible tourism awards) ကို ဂျာမနီနိုင်ငံ ITB ခရီးသွားပြပွဲတွင် သွားရောက်ယူခဲ့ပါတယ်။ မြန်မာ့ ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနကချီးမြှင့်တဲ့ အကောင်းဆုံးဝန်ဆောင်မှုဆု ( the Best performance awards) တို့ကိုရရှိခဲ့တာပါ။
ဒေသရဲ့လှပမှု၊ ဒေသခံတွေရဲ့ ဖော်ရွေမှုတွေကြောင့် ဒီဆုကို ထိုက်ထိုက်တန်တန်ရခဲ့တယ်လို့ ပြောရပါမယ်။
အင်းလေးကန်ကနေ Trekking စလျှောက်ချင်သူတွေအတွက် လက်လွတ်မခံသင့်တဲ့ ကမ္ဘာ့အလှဆုံး CBT ရွာကလေး ၃ရွာလည်းဖြစ်ပါတယ်။
?၁) လွယ်ခေါ်ရွာ
ညောင်ရွှေမြို့ပြင်က Coffee House ရှိရာဘက်ကနေ တောလမ်းအတိုင်း Trekking ၃နာရီလောက်လျှောက်ရင် လွယ်ခေါ်ရွာကို ရောက်ပါတယ်။ လွယ်ခေါ်ရွာမှာ လွယ်ခေါ် Community house ရှိပြီး အနားယူအိပ်စက်တာ၊ နံနက်စာစားတာတွေ ပြုလုပ်နိုင်ပါတယ်။ ညောင်ရွှေကနေ လွယ်ခေါ်အသွားလမ်းဟာ အင်းလေးကန် တစ်ခုလုံးကိုလည်း အပေါ်စီးကနေ မြင်နေရတာကြောင့် ညနေစောင်းဘက်တွေသာ လမ်းလျှောက်မယ်ဆို အင်းလေးကန်ရဲ့ ညနေဆည်းဆာကို အလှဆုံး view လည်းမြင်ရ၊ လွယ်ခေါ် community house မှာ အနားယူရင်း အေးချမ်းတဲ့ တစ်ညတာလေးကို ကုန်ဆုံးလို့ရမှာပါ။
နံနက်နိုးလာရင် ကျေးငှက်သာရကာအသံလေးတွေနဲ့ နိုးထနိုင်မှာဖြစ်ပြီး လွယ်ခေါ်အရှေ့ဘက်က ဘုရားတောင်ပေါ်ကို တက်ရင်တော့ အင်းလေးကန်ရှိရာ လွင်ပြင်တစ်ခုလုံးကို မြင်နေရပါလိမ့်မယ်။
?၂)အင်းနီရွာ
လွယ်ခေါ်ကနေ လမ်းလျှောက်ပြီးဖြစ်စေ၊ အင်းလေးကန်ထဲ စက်လှေစီးပြီး သလဲဦးရွာကနေ လမ်းလျှောက်ပြီးဖြစ်စေ အင်းနီကို သွားလို့ရပါတယ်။
အင်းနီရွာရဲ့ အနေအထားက အင်္ဂလိပ် အက္ခရာ T ပုံစံရှိပြီးတော့ တောင်တန်းပေါ်မှာ တည်ထားတဲ့ရွာလေးပါ။ ရွာအနေအထားအရ တောင်ရွာ၊ မြောက်ရွာနဲ့ အနောက်ရွာဆိုပြီး ရှိပေမယ့် တစ်ရွာလုံးလိုလို ဖော်ရွေပျူငှာတဲ့ ရွာကလေးပါ။ တစ်ရွာလုံး သနပ်ဖက်လုပ်ငန်း၊ တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ကြပါတယ်။
အင်းနီရွာမှာ တည်းခိုစရာကတော့ ဦးခွန်မောင်ကြီးရဲ့ အင်းနီ community house ပါ။ community house ကနေ အရှေ့ဘက်က တောင်တန်းတွေကို ကြည့်လိုက်၊ အင်းနီ ရွာလယ်လမ်းလေးကို လျှောက်လိုက်နဲ့ အေးချမ်းလွန်းတဲ့ရွာကလေးကနေ မပြန်ချင်အောင် ဖြစ်ခဲ့ရပါတယ်။
မကြာခင် အင်းနီ ဒေသမှာ အင်းလေး-အင်းနီ cable car ပြေးဆွဲမယ့်အစီအစဉ်လည်း စီမံနေပြီလို့သိရတာမို့ ခရီးသွားတွေ အများကြီး ရောက်လာလိမ့်ဦးမယ်ထင်ပါတယ်။ အင်းနီရဲ့ အလှအပကတော့ ပြောရုံနဲ့ မလောက်တာမို့ ပုံတွေထဲမှာသာ ကြည့်ကြပါတော့နော်။
?၃)ထီနဲ့
ထီနဲ့ကိုတော့ ယဉ်နှောင်းခရီးစဉ်ထဲမှာ မပါခဲ့ပါဘူး။ ယဉ်နှောင်းနဲ့အတူ ပအို၀်းဒေသကို ရွေးချယ်ခဲ့တဲ့ ညီမလေး ထက်အိအိ၀င်း(Travelled by HEEW)ရဲ့ review လေးကိုဖတ်ကြည့်ရင် သိနိုင်မှာမို့ link လေးပြန် share လိုက်ပါတယ်နော်။ CBT ဆုရ ရွာ၃ရွာလို့ ပြောရင် ထီနဲ့ကိုပါ ထည့်ပြောမှာ ပြည့်စုံမှာမို့ အချိန်ရမယ်ဆို ထီနဲ့ကို ပါ သွားခဲ့ကြပါလို့ တိုက်တွန်းပါတယ်နော်။
⛰ရန်အောင်တောင်
အင်းနီကနေ အရှေ့ဘက်က မြင်နေရတဲ့ တောင်တန်းတွေဟာ ရန်အောင်တောင်ကြောပါ။ ရန်အောင်တောင်ကြောဟာ ကက္ကူလွင်ပြင်နဲ့ အင်းလေးလွင်ပြင်ကြားမှာ တည်ရှိပါတယ်။ အင်းနီကနေ ရန်အောင်တောင်ကို ကျော်ပြီး ကက္ကူမွေတော်ဆီ သွားတဲ့ trekking လမ်းကြောင်းဟာ နိုင်ငံခြားသားတွေအကြားမှာ လူသိများလှပါတယ်။ အင်းနီ-ရန်အောင်တောင်-ဖျူးငယ်-ကက္ကူ လမ်းကြောင်းဟာ trekking နှစ်သက်သူတွေ အကြိုက်တွေ့မယ့် လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။
အင်းနီကနေ ရန်အောင်တောင် သွားတဲ့လမ်းကြောင်းမှာ မျက်စိတဆုံး တောင်ယာစိုက်ခင်းတွေကို မြင်ရမယ်။
ရန်အောင်တောင်ထိပ်ကဘုရားရင်ပြင်မှာ ကက္ကူလွင်ပြင် တစ်ခုလုံးကိုမြင်ရတဲ့ 360* view ကို ကြည့်ကြမယ်။
ဖျူးငယ်မှာ နှစ် ၁၀၀ကျော် ရှေးဟောင်းဘုန်းကြီးကျောင်းကို ၀င်လေ့လာကြမယ်။
ဖျူးငယ်ကနေ ကက္ကူကို ဆိုင်ကယ်နဲ့သွားပြီးရင်တော့ ကက္ကူမှာ ညအိပ်ပြီး နောက်နေ့ခရီးဆက်လို့ရတာပေါ့
?ကက္ကူမွေတော်ဘုရား
ကက္ကူဆိုတာ ပအိုဝ်းဘာသာစကား (ကက်)နဲ့ (ကူ)ကို ပေါင်းစပ်ထားတာပါ။ ကက် ဆိုတာ ကင်းစခန်း၊ ကူ ဆိုတာ နယ်ခြားဒေသပါ။ ကက္ကူဆိုတာ နယ်ခြားဒေသကင်းစခန်းတည်နေရာ၊ မွေတော်ဆိုတာ ဘုရားရှင်ရဲ့ ဓာတ်တော်မွေတော်တွေ ဌာမနာထားတဲ့ဘုရားလို့ အဓိပ္ပာယ်ပြန်လို့ရပါတယ်။
ကက္ကူမွေတော်ရဲ့ စေတီပေါင်းအရေအတွက်ကို အက္ခရာသင်္ချာအရ “တောင်သူကွမ်းညှပ် တဖြတ်ဖြတ်”လို့မှတ်သားကြပါတယ်။ အရေအတွက်အားဖြင့် (၇၆၂၃)ဆူရှိသတဲ့။ အသောကမင်းကြီးစတင်တည်ထားတယ်လို့ သမိုင်းမှတ်တမ်းရှိခဲ့တာမို့ အခုဆို နှစ်ပေါင်း ၂၃၀၀ ကျော်ခဲ့ပါပြီ။
ကက္ကူမွေတော်ရောက်ရင် ဘုရားရှေ့က ညောင်ပင်ကြီးတွေရယ်၊ ကက္ကူစျေးရယ်၊ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ ဒေသထွက်ကုန်၊ အသီးအနှံတွေ ရောင်းချတာရယ်၊ ကက္ကူဘူတာလေးရယ်က လေ့လာစရာနေရာတွေပေါ့။
ကက္ကူဘုရားမျက်နှာချင်းဆိုင်က Hlaing Konn Restaurant မှာ ပအိုဝ်းဒေသ ရိုးရာအစားအစာတွေစားရင်း အမှတ်တရပစ္စည်းလေးတွေလည်း ၀ယ်လို့ရဦးမယ်။
?နမ့်တဘတ်ချောင်းကိုဖြတ်၍
ကက္ကူရဲ့အရှေ့ဘက်ကနေ လှမ်းကြည့်လိုက်ရင် မြင်နေရတဲ့ တောင်တန်းတွေဟာ မဲနယ်တောင်ကြောပါ။ မဲနယ်တောင်ကြောဆိုတာ ၁၉၈၆ က ခရီးသည်တင်လေယာဉ်ပျက်ကျဖူးလို့ နာမည်ကြီးခဲ့တဲ့ တောင်ကြော၊ ၂၀၁၂ခုနှစ်မှာ မစ္စတာဘန်ကီမွန်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်နဲ့ လာရောက်ဖူးတဲ့တောင်ကြော၊ အနမ်းဝိုင် ဇာတ်ကားရိုက်ကူးခဲ့ရာ ပအိုဝ်းရွာတွေ ရှိတဲ့တောင်ကြောပေါ့။
မဲနယ်တောင်ကြောကို ကက္ကူကနေ သွားဖို့ဆို ပုန်းအင်းဒေသကို ဖြတ်ရပါတယ်။ ပုန်းအင်းဆိုတာ တစ်ချိန်က အင်းလေးနဲ့အပြိုင် အင်းရေပြင်ကျယ်ရှိခဲ့တဲ့နေရာပါ။ ခုချိန်မှာတော့ လယ်ကွင်းတွေ အများဆုံးတွေ့ရပါတယ်။ ကက္ကူကနေ မဲနယ်တောင်ကြောကို သွားမယ်ဆို အရမ်းလှတဲ့ နမ့်တဘက်ချောင်းကနေ ကက္ကူ-နောင်စင်းထိ သွားလို့ရပါတယ်။
မကြာသေးမီက ဒီချောင်းထဲမှာ Kayaking tour တွေလည်း စနေတာတွေ့ရပြီး အရမ်းလှတဲ့ ဒေသတစ်ခုပါ။ ချောင်းဘေးမှာ ကြည့်လေရာ သစ်ပင်တွေ၊ လယ်ကွင်းတွေ၊ ခြေတံရှည်အိမ်လေးတွေနဲ့ သစ်ပင်ပေါ်က စာဘူးတောင်းငှက်သိုက်ကလေးတွေလည်း တွေ့ရတာမို့ နမ့်တဘက်ချောင်းထဲ စက်လှေခရီးဟာ တစ်နာရီကြာလို့ကြာမှန်းတောင် မသိလိုက်ရဘူး။
?-နောင်စင်းသို့ချဉ်းကပ်ခြင်း
နောင်စင်းရောက်ပြီဆိုရင် မဲနယ်တောင်ကြောကို ချဉ်းကပ်မိပြီလို့ဆိုရပါမယ်။ ဟိုပုံး-ဆီဆိုင်-ဘန့်ယဉ် လမ်းပေါ်ထိရောက်အောင် ပုန်းအင်းဒေသကို ကျော်ပြီး ခရီးဆက်ရပါသေးတယ်။ မဲနယ်တောင်ကြောက နာမည်ကျော် လွယ်မိုင်းတောင်ကို တက်မယ်ဆိုရင် မဲနယ်တောင်ကြော တစ်၀က်က နမ့်ခုတ်ဘက်ကနေသွားသွား၊ မဲနယ်တောင်ကြောအစွန်းက ပချားကလို့ဘက်က တက်တက် အဆင်ပြေပါတယ်။ ဒါပေမယ့် ခရီးစဉ်အတွင်းမှာ နောင်ခမ်း စိုက်ပျိုးရေးသင်တန်းကျောင်းကို ၀င်လေ့လာချင်တာမို့ ပချားကလို့ဘက်ကတက်ရတဲ့လမ်းကြမ်းကိုပဲ ရွေးချယ်လိုက်ပါတယ်။
?-နောင်ခမ်းစိုက်ပျိုးရေးသင်တန်းကျောင်း
ပအိုဝ်းဒေသ လူငယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်သမျှ စိုက်ပျိုးရေးနည်းပညာ၊ ခေတ်မီနည်းပညာတွေကို အခါအားလျော်စွာ ပို့ချနေတဲ့ သင်တန်းကျောင်းပါ။ ပအိုဝ်းဒေသဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တာနဲ့အညီ ပအိုဝ်းအမျိုးသားခေါင်းဆောင်တွေဟာ ဒေသတိုးတက်ရေးကို ဦးစားပေးပြီး ခေတ်မီနည်းပညာတွေကို လူငယ်တွေလက်လှမ်းမီအောင် အများကြီးကြိုးစားပေးထားတာတွေ့ရတာမို့ ပအိုဝ်းဒေသကို အလွန်သဘောကျစေမိတဲ့ ကျောင်းတစ်ခုပါ။
စိမ်းလန်းပြီး သီးပင်၊စားပင် အစုံ စိုက်ထားတဲ့ကျောင်း၀န်းလေးထဲကို ဘယ်သူမဆို လာရောက်လည်ပတ်နိုင်သလို စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ အသိပညာတွေ၊ အကူအညီတွေ ရယူနိုင်တာကို လေ့လာခွင့်ရခဲ့တယ်။ နောင်ခမ်း စိုက်ပျိုးရေးခြံအကြောင်းတော့ ရေးစရာများတာမို့ နောက်တစ်ပို့စ်မှာမှ အများကြီးချဲ့ရေးပါဦးမယ်နော်။
?မဲနယ်တောင်ကြောအစွန် ပချားကလို
နောင်ခမ်းစိုက်ပျိုးရေးခြံကနေ မဲနယ်တောင်ကြောကို တောင်ဘက်အစွန်းက စတက်တဲ့အခါ ပချားကလိုကနေ စတက်ရပါတယ်။ ကျောက်နံရံတွေနဲ့ တောင်ကမ်းပါးစွန်းတွေ၊ ကျောက်ကြမ်းလမ်းတွေနဲ့ သည်းထိတ်ရင်ဖိုဆန်သလို တချို့နေရာတွေမှာ ဆိုင်ကယ်နဲ့ သွားလို့မရလို့ ခြေလျင်တက်ရပါတယ်။ ဒါပေမယ့် မဲနယ်တောင်ကြောကို ရောက်လာတာနဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း၅၀၀၀ နီးပါးမှာ ရောက်နေပြီမို့ သိသိသာသာအေးလာတာကိုလည်း ခံစားခဲ့ရသေးတယ်။
⛰-မဲနယ်တောင်ကြော
မဲနယ်တောင်ကြောကို လာမယ်ဆို ဟိုပုံးကနေ နမ့်ခုတ်-စံဖူး-ရွာသစ်လမ်းအတိုင်းပဲသွားသွား၊
တောင်ကြီး-ကက္ကူ-နမ့်ခုတ် ကနေပဲသွားသွား သွားလို့ရပါတယ်။ မဲနယ်တောင်ကြောဟာ
တစ်ချိန်တုန်းက ဘိန်းစိုက်ပျိုးရာ ဘိန်းခင်းတွေ ရှိဖူးခဲ့ပေမယ့် အခုအချိန်မှာတော့ ဘိန်းအစားထိုး ထောပတ်ပင်၊ သနပ်ပင်နဲ့ အခြားသီးပင်တွေ အများဆုံး စိုက်ပျိုးထားတာမို့ကြည့်လေရာ စိမ်းလန်းလှပနေတဲ့ တောင်ကြောပါ။ မဲနယ်တောင်ကြောလို့ပြောရင် “၁၉၈၇ မဲနယ်တောင် လေယာဉ်ပျက်ကျမှု”အကြောင်းကို မှတ်မိနေသူက ပိုများပါလိမ့်မယ်။ မဲနယ်တောင်ကြောမှာ ရွာအစဉ်အဆက်အတိုင်း သွားမယ်ဆို သမိုင်းကြောင်းလေးတွေက မပြောမဖြစ် ပြောရပါတော့မယ်နော်။
?-ကျောက္ကခြား
မဲနယ်တောင်ကြောက ရွာကြီးတစ်ရွာပါ။ နာမည်ကျော် အနမ်းဝိုင် ရုပ်ရှင်ဇာတ်ကားထဲမှာ အောင်ရဲလင်းနဲ့ ၀တ်မှုံရွှေရည် ဇာတ်၀င်ခန်း လာရိုက်ဖူးတဲ့ရွာဆိုပြီး နာမည်ကြီးပါတယ်။ ပအိုဝ်းရိုးရာ ပျဉ်ထောင်အိမ်လေးတွေ၊ သွပ်မိုးဟောင်းလေးတွေနဲ့ တစ်ရွာလုံးဆင်တူလှပနေတဲ့ မြင်ကွင်းကြောင့် ကျောက္ကခြားဟာ အလှအပမှာနာမည်ကြီးတဲ့ ရွာတစ်ရွာဖြစ်ပါတယ်။
?-နမ့်ဟုတ် တိုင်တစ်ရာကျောင်း
ကျောက္ကခြားကဆင်းရင် နမ့်ဟုတ် တိုင်တစ်ရာကျောင်းကို ၀င်ပြီး နှစ်ရာချီသက်တမ်းရှိပြီဖြစ်တဲ့ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းကိုလည်း ၀င်ရောက်လေ့လာနိုင်ပါသေးတယ်။ ကျောင်းပေါ်က မီးဖိုဆောင်တွေ၊ တိုင်လုံးတွေ၊ မျက်နှာကြက်လက်ရာတွေဟာလည်း ရှေးဟောင်းအငွေ့အသက်အပြည့်ရစေတဲ့နေရာတစ်ခုပါ။
?စံဖူးရွာ
လေယာဉ်ပျက်ကျခဲ့တယ်လို့ နာမည်ကြီးတဲ့ လွယ်မိုင်းတောင်ကို ခြေလျင်တက်ဖို့ဆို စံဖူးရွာက အနီးဆုံးပါ။ စံဖူးရွာမှာ မစ္စတာဘန်ကီမွန်းလာခဲ့တုန်းက စံဖူးစာသင်ကျောင်းမှာ စိုက်ခဲ့တဲ့ သစ်ပင်တွေ ရှိတာမို့၀င်လေ့လာလို့ရသေးတယ်။ ဒီစာသင်ကျောင်းလေးကနေ အရှေ့ကို လှမ်းကြည့်လိုက်မယ်ဆိုရင် လေယာဉ်ပျက်ကျဖူးလို့နာမည်ကြီးခဲ့တဲ့ လွယ်မိုင်းကို သွားလို့ရပါတယ်။
?-နာမည်ကျော် လွယ်မိုင်းတောင်
လွယ် ဆိုတာ တောင်၊ မိုင်း ဆိုတာ တသီးတသန့်၊ထီးထီးဖြစ်သော ဆိုတဲ့အဓိပ္ပာယ်ပေါ့။ ရှမ်းလို လွယ်မဲုင်း ကို မြန်မာလို လွယ်မိုင်းလို့ အသံထွက်ခေါ်ကြသလို၊ ပအိုဝ်းလိုကတော့ မဲုင်းကောင်(မိုင်းကောင်)လို့ခေါ်ပါတယ်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၈၀၀၀ကျော် မြင့်တဲ့တောင်မို့ မြူတွေ အမြဲအုပ်ဆိုင်းနေသလို ၊ ဆောင်းတွင်းဆို တောင်ဇလပ်အနီတွေလည်း ပွင့်တဲ့တောင်ပါ။
✈-မဲနယ်တောင် လေယာဉ်ပျက်ကျမှု
ဇွန်လ ၂၁ရက်နေ့၊ ၁၉၈၇ခုနှစ်က မဲနယ်တောင်ကြောပေါ် လေယာဉ်ပျက်ကျမှုဟာ ဒီနေ့ထိ အိပ်မက်ဆိုးတစ်ခုလို ဖြစ်နေတဲ့ သမိုင်းပါ။ ဟဲဟိုးကနေ မိုင်းဆတ်သွားတဲ့ မြန်မာ့လေကြောင်းလိုင်းပိုင် ခရီးသည်တင် Fokker လေယာဉ်ဟာ ဟဲဟိုးကနေ ထွက်ခွာပြီး ၁၅မိနစ်မှာပဲ လွယ်မိုင်းတောင်ပေါ်က တောင်ကမ်းပါးစွန်းတစ်ခုကို တိုက်ပြီး ပျက်ကျသွားခဲ့ပါတယ်။ လေယာဉ်မှူး၊ လေယာဉ်မယ်၊ ခရီးသည် စုစုပေါင်း ၄၅ ယောက်တို့ အသက်ဆုံးရှုံးခဲ့တဲ့ နေရာလေးကို အမှတ်အသားပြုပြီး မှတ်တိုင်လေးတစ်ခု စိုက်ထူထားတာကို ဒီနေ့ထိတိုင် တွေ့ရပါသေးတယ်။
ဒေသခံတွေအဆိုအရ အဲ့နေ့ဟာ မြူတွေ ဆိုင်းပြီး တောင်ကြောတစ်ခုလုံးကို မမြင်ရတဲ့အခြေအနေပါ။ လေယာဉ်ဟာ တောင်ထိပ်နားက တောင်ကမ်းပါးစွန်းတစ်ခုကို တိုက်ပြီး လျှိုထဲကို ပျက်ကျသွားခဲ့ပါတယ်။ လေယာဉ်ပျက်ကျတဲ့သတင်းကို ကြားပေမယ့် လေယာဉ်ပျက်ကို ရက်အတော်ကြာမှာ ပြန်တွေ့ခဲ့ပြီး ခရီးသည်တွေအားလုံး အသက်ဆုံးရှုံးခဲ့ပါတယ်။ ဒီနေ့အထိ လေယာဉ်ပျက်ကျရာ လျှိုထဲမှာ လေယာဉ်အင်ဂျင်တုံး အစိတ်အပိုင်းတစ်ခု ကျန်ရှိနေသေးတယ်လို့လည်း သိရပါတယ်။
လွယ်မိုင်းတောင်ဟာ ခြေလျင်တက်မယ်ဆို ၃နာရီခန့်တက်ရပြီး တောင်ထိပ်မှာ စေတီနဲ့ ဇရပ်တစ်ဆောင်ရှိပါတယ်။ တောင်ထိပ်မှာ တောင်ဇလပ်ပန်းအနီတွေပွင့်တဲ့ တောင်ဇလပ်ပင်တွေလည်း ရှိတာမို့ ဆောင်းတွင်းဆို သိပ်လှတဲ့တောင်ပါ။ တောင်တက်ဝါသနာပါသူတွေအနေနဲ့ ဆောင်းတွင်းပိုင်းမှာ တောင်တက်မယ်ဆို မဲနယ်တောင်ကြောက လွယ်မိုင်းတောင်ကို ရွေးချယ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။
?-စငေါရွာ
စံဖူးရွာကနေ ဟိုပုံးဘက်ကို ပြန်မယ်ဆို လမ်းမှာ ပအိုဝ်းရွာလေးတွေကို အများကြီးဖြတ်သွားရပါဦးမယ်။ အဲ့ထဲက စငေါရွာကတော့ ရှုခင်းအတော်လှတဲ့ရွာမို့ ရောက်ဖူးသူတိုင်း ဓာတ်ပုံရိုက်ကြတဲ့နေရာပါ။
စငေါ view point ကနေကြည့်ရင် မဲနယ်တောင်ကြောက စီးဆင်းလာတဲ့ချောင်းလေးရယ်၊ လယ်ကွင်းတွေရယ် ၊ ပအိုဝ်းရိုးရာအိမ်လေးတွေရယ်ကို အပေါ်စီးကနေမြင်နိုင်တာမို့ ရင်သပ်ရှုမောမိမှာအမှန်ပါပဲ။ စငေါ ဆိုတာက ပအိုဝ်းလို ရင်ခုန်စိတ်လှုပ်ရှားစေသော အရပ်ရယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဟုတ်မဟုတ်ကတော့ ပုံထဲမှာ မြင်တဲ့အတိုင်းပဲနော်။ လှလွန်းလို့ အဲ့ view point မှာတင် ငုတ်တုတ်မေ့ခဲ့ရတာပါ။
?ထီဗြာ
ဒီရွာလေးကတော့ လီရှောရိုးရာအရက်ချက်လုပ်ငန်းနာမည်ကြီးတဲ့ရွာလေးပါ။ ရွာထဲက မီးခိုးတလုံးလုံးနဲ့ တဲလေးတွေထဲမှာ လီရှောအရက်ဘယ်လိုချက်တယ်ဆိုတာကို လေ့လာလို့ရပါသေးတယ်။
?ဟိုပုံးသို့
ထီဗွာကနေ ထွက်ရင်တော့ ဟိုပုံးဘက်ကို ရောက်ပါပြီ။ ဒီကနေမှ ဆက်သွားမယ်ဆို ထမ့်ဆန်းကိုရင်လေးဂူ၊ ပါပန်ဂူတွေကို ဆက်သွားလို့ရပါသေးတယ်။ ထမ့်ဆန်းဂူကတော့ တွေ့ခဲ့တာ နှစ်တွေကြာပြီဖြစ်သလို ဂူတွင်းမှာ ဘုရားစေတီတွေကို တွေ့နိုင်မယ့် ဂူတစ်ခုပါ။ ပါပန်ဂူကတော့ အခုနောက်ပိုင်းမှာ တွေ့ရှိလာတဲ့ဂူဖြစ်ပြီး သဘာ၀အတိုင်း ဂူအရိုင်းတွေ အများကြီးလေ့လာနိုင်ပါသေးတယ်။ ပါပန်ဂူဟာ ဂူအုပ်စုတွေ ကွန်ယက်သဖွယ်ချိတ်ဆက်နေတာမို့ ရှာဖွေလေတွေ့ရှိလေ ဂူအသစ်တွေ အများကြီး ရှိနေတဲ့နေရာလည်းဖြစ်ပါတယ်။ မြွေဂူ၊ ကျားဂူစသဖြင့် နာမည်ပေးပြီးသား ဂူတွေလည်းရှိသလို နာမည်မပေးရသေးတဲ့ ဂူတွေလည်း ရှိနေပါတယ်။ ဂူတွေနဲ့ ဂူတွင်းသက်ရှိတွေ၊ ဘူမိတွေ ကို စိတ်၀င်စားတတ်ရင်တော့ လေ့လာသင့်တဲ့ ဂူတွေလို့ ညွှန်းချင်ပါတယ်။
?ဟိုပုံးရေထွက်
ဟိုပုံးကပြန်ပြီဆို မဖြစ်မနေ စားရမှာကတော့ ဟိုပုံးရေထွက်က ဘွားကောင်းစံ ကြက်ကြော်၊ တိုဟူးသုပ်နဲ့ တိုဟူးကြော်ပါ။ မြန်မာကြက် လတ်လတ်ဆတ်ဆတ်ကို ကြော်ထားတဲ့ ကြက်ကြော်ရယ်၊ တိုဟူးကြော်ရယ်၊ တိုဟူးသုပ်ရယ် ထမင်းဆီဆမ်းရယ် မစားလိုက်ရရင် ဟိုပုံးကို ရောက်တယ်လို့ မမည်ပါဘူးတဲ့နော်။
?အပြန်
ဟိုပုံးကနေ တောင်ကြီးထိရောက်ပြီဆိုရင်တော့ တောင်ကြီး-ရန်ကုန်၊ တောင်ကြီး-မန္တလေး ကားလက်မှတ်ဂိတ်တွေရှိတာမို့ မိမိအဆင်ပြေရာကို ဖြတ်နိုင်ပါတယ်။ အဲကွန်းနဲ့အထူးကားတွေလည်း ပြေးဆွဲနေတာမို့ တောင်ကြီးထိခရီးဟာ သိပ်မပင်ပန်းတော့ပါဘူး။
?ဒီခရီးစဉ်ကို ဘယ်လိုသွားကြမလဲ
ပအိုဝ်းဒေသဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ဟိုပုံး-ဆီဆိုင်-ပင်လောင်း ၃မြို့နယ်လုံးဟာ သူ့သဘာဝအလှတွေ စာဖွဲ့မကုန်အောင်များပြားတဲ့ဒေသပါ။ နယ်မြေအေးချမ်းပြီး ဒေသခံတွေက ဖော်ရွေပျူငှာ ရိုးသားကြတဲ့ ချစ်စရာဒေသလေးလည်းဖြစ်ပါတယ်။
အထက်မှာပြောခဲ့တဲ့ ပအိုဝ်းဒေသ နယ်မြေတွေဖြစ်တဲ့မဲနယ်တောင်ကြော တစ်ဝိုက်ကို မိမိအစီအစဉ်နဲ့သွားလို့အဆင်ပြေပေမယ့် CBT ရွာတွေဖြစ်တဲ့ လွယ်ခေါ်-အင်းနီ-ထီနဲ့ ရွာတွေကို သွားချင်ရင်တော့ ဒေသတွင်း CBT ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကလုပ်နေတဲ့ CITPAR(Community Involved Tourism Pa-O Region) အဖွဲ့ကို ချိတ်ဆက်ပြီး သွားတာ ပိုအဆင်ပြေပါတယ်။
Community နဲ့ ချိတ်ဆက်ပြီး နေထိုင်စားသောက်ရေး၊ ညအိပ်ရေးတွေစီစဉ်ပေးတာမို့ ဒီကနေ ရတဲ့ အမြတ် 45% ကိုလည်း ဒေသဖွံ့ဖြိုးရေးအတွက်အသုံးချပါတယ်။
လူဦးရေများရင်များသလို တိုင်းရင်းသားအကတွေ ၊မီးပုံပွဲတွေ စီစဉ်ပေးသလို၊ အုပ်စုလိုက်သွားမယ်ဆို စရိတ်ပိုသက်သာတာကြောင့် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ လူအများကြီးနဲ့ ခရီးသွားချင်သူများအတွက် အဆင်အပြေဆုံးပါ။ ခရီးစဉ် package တွေအတိုင်း စီစဉ်လို့ရသလို ကိုယ့်အကြိုက်နဲ့ကိုယ်လိုက်ပြီး စီစဉ်ချင်ရင်လည်းရပါသေးတယ်။
နေ့ချင်းပြန်ခရီးစဉ်တွေကနေ ညအိပ်ခရီးတွေအထိ အမျိုးမျိုးစီစဉ်ပေးပါတယ်။
ဒေသရဲ့ အလှအပတွေလေ့လာရင်း၊ ဒေသရဲ့ လုပ်ငန်းတွေလည်း ကြည့်ရင်း ၊ ပအိုဝ်းဒေသကို သွားလည်ချင်ပါတယ်ဆိုရင်တော့
?CITPAR
Facebook : Community Involved Tourism Pa-O Region - CITPAR
Website : www.cit-paoregion.com
email - [email protected] , [email protected]
GIC Group
Inle Lake , Shan State
ဖုန်း- 09 5215573 , 09 781314456 , 081 209808
ခရီးစဉ် ဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးပါသော
-ရှမ်းပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး၊ တာဝန်ရှိသူများနဲ့ အဖွဲ့ဝင်များ
-GIC နှင့် Phyu Zin group မှ တာဝန်ရှိသူများ
-ဖိတ်ကြားပေးပါသော မယဉ်ယဉ်လှ၊ မစမ်းမြမြအေး
-MTBC မှ ခရီးသွားဖော် မိတ်ဆွေ travel blogger များ
-CITPAR မှ ကိုခွန်ထွန်းဦးနှင့် တာဝန်ရှိသူများ
-ခရီးစဉ်တစ်လျှောက် လိုက်ပါပို့ဆောင်ပေးပါသော
Tour guide ကိုခွန်ထူးအောင်နဲ့ ကိုခွန်ဝရအောင်
-ခရီးစဉ်အတွင်း တည်းခိုခွင့်ပြုသော အိမ်ရှင်မိသားစုများ၊ ချက်ပြုတ်ကျွေးမွေးပါသော ပအိုဝ်းညီအစ်ကိုမောင်နှမများ
-ပအိုဝ်းဒေသ အချက်အလက်များအတွက် မေးသမျှဖြေကြားပေးပါသော ကိုခွန်ဝင်းကြည်နှင့် တောင်ကြီးစက်ဘီးစီးအဖွဲ့သားများအားလုံးကို
ကျေးဇူးတင်ရှိပါကြောင်း
#Mandalarian
#CITPAR
#SouthernShanCBT
#MTBC
#Crd === Ashin Issariya
All Credit
Pa'O Ethina Nations - PEN
ရည်ရွယ်ချက်က
~~~~~~~~~~~~~~~~~
ပအိုဝ်းရိုးရာ |ပအိုဝ်းယဉ်ကျေးမူ|ပအိုဝ်းစာပေ|ပအိုဝ်းသမိုင်း
|ပအိုဝ်းလူနေမူပုံစံ|ပအိုဝ်းပုံရိပ်|ပအိုဝ်းစိတ်ရင်း|ပအိုဝ်းမြင်ကွင်းအလှ
|တစ်စိတ်တစ်ဒေသ|ဖော်ပြနိုင်ဖို့ Page ထောင်ထားရခြင်းဖြစ်ပါသည်။
Pa'O Ethnic Nations - PEN
ပအိုဝ်းတိုင်းရင်းသားတို့ သမိုင်း ဓာတ်ပုံ ယိုးယာယဥ်ကျေးမှု့
အကြောင်းများ စိတ်ဝင်စားပါက
Pa'O Ethnic Nations - PEN
ကို Like ထားပီး See Frist လုပ်ထားဖို့မမေ့နဲ့နော်
ကျွန်ုပ်တို့ သိသလောက်ကြိုးစားမျေဝပေးတဲ့နေရာ??
စာမျက်နှာမှာလည်ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်နော်။
https://www.facebook.com/PAOEthnicNations/
View more on Facebook
This site was designed with Websites.co.in - Website Builder
This website was created by a user of Websites.co.in, a free instant website builder. Websites.co.in does NOT endorse, verify, or guarantee the accuracy, safety, or legality of this site's content, products, or services. Always exercise caution—do not share sensitive data or make payments without independent verification. Report suspicious activity by clicking the report abuse below.
We appreciate you contacting us. Our support will get back in touch with you soon!
Have a great day!
Please note that your query will be processed only if we find it relevant. Rest all requests will be ignored. If you need help with the website, please login to your dashboard and connect to support